အသည်းအဆီဖုံးနေသူတွေ လိုက်နာရမယ့် နေထိုင်မှုပုံစံ
အသည်းအဆီဖုံးတာက အခုနောက်ပိုင်း တော်တော်များများ ကြားလာရတဲ့ အသည်းကျန်းမာရေး ပြဿနာ တစ်ခုရယ်ပါ။ အသည်းအဆီဖုံးတာက နေထိုင်စားသောက်မှု ပုံစံကြောင့် ဖြစ်လာရတဲ့ အသည်းရောဂါ တစ်မျိုးဖြစ်ပြီူ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။
အသည်းအဆီဖုံးတယ် ဆိုတာ
အသည်းအဆီဖုံးတယ်ဆိုတာ အသည်းမှာ အဆီတွေ စုပုံနေပြီး အသည်းကို ထိခိုက်ပျက်စီးတဲ့ အခြေအနေပါ။ အသည်းအဆီဖုံးတာကြောင့် အသည်းရဲ့ လုပ်ဆောင်မှုတွေ ထိခိုက်နိုင်သလို အခြားနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ဒါပေမယ့် အသည်းအဆီဖုံးတာကြောင့် ထိခိုက်မှု နည်းစေပြီး ကျန်းမာစေဖို့ဆိုရင် လိုက်နာရမယ့် နေထိုင်မှု ပုံစံလေးတွေ ရှိနိုင်ပါတယ်။ ဒါတွေကတော့ -
- ကိုယ်အလေးချိန် လျှော့ပါ - ကိုယ်အလေးချိန် များဗနတာက အသည်းအဆီဖုံးနိုင်ခြေ ပိုများနေသလို အသည်းအဆီဖုံးတာကိုလည်း အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး နည်းလမ်း တစ်ခုက ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချဖို့ပါ။ ဒီလို လျှော့ချဖို့ဆိုရာမှာ အများကြီး လျှော့ချရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိ ကိုယ်အလေးချိန်ရဲ့ ၁၀% လောက်ကို လျှော့ချလိုက်ရင်ကို အသည်းအတွက် အကျိုးရှိမှာပါ။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ - အသည်းအဆီဖုံးတာကို သက်သာစေဖို့ အစားအစာကလည်း အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ နေ့စဉ်စားသုံးမှုမှာ အသီးအရွက်တွေ၊ နှံစားသီးနှံတွေ၊ အဆီနည်းတဲ့ ပရိုတင်း၊ ထောပတ်သီး၊ အခွံမာသီး၊ အဆီများတဲ့ ပင်လယ်ငါးတို့လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါတဲ့ အရာတွေကို စားသုံးတာ၊ အချိုလျှော့စားတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေ လျှော့တာ၊ အယ်လ်ကိုဟော လျှော့တာမျိုးတွေ လုပ်ပေးပါ။
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်တာ- ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိတာက အသည်းအဆီဖုံးတာကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက် တစ်ပတ်ကို ၅ ရက် လမ်းလျှောက်ပေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာတွေကို အသည်းအဆီဖုံးတာကို သက်သာစေပြီး ကျန်းမာစေမှာပါ။
- သွေးတွင်း သကြားဓာတ် ထိန်းတာ - သွေးတွင်းသကြားဓာတ် မြင့်တာက အသည်းအဆီဖုံးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို တတ်နိုင်သမျှ ထိန်းပေးပါ။ ကစီဓာတ်များတာတွေကို ရှောင်ပြီး သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများလေး စားပေးပါ။
- အရက်ဖြတ်ပါ - အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက အသည်းကို ထိခိုက်စေသလို အသည်းအဆီဖုံးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးနေတယ်ဆိုရင် အရက်ကို လုံးဝဖြတ်ပါ။ ဒါဆိုရင်တော့ အသည်းပြန်ကျန်းမာလာမှာပါ။
အသည်းအဆီဖုံးနေပြီဆိုရင် ကျန်းမာစေဖို့ ဒီအချက်တွေကို လိုက်နာဖို့ မမေ့ပါနဲ့။
မွန်မွန်